19 April 2010

လက်စားချေခြင်း


အိပ်ယာပေါ်လှဲလိုက်ပြီးချင်းဝင်လာသော အတွေးမှာ “ငါဟာ သနားစရာသတ္တဝါပါလား” လို့ ဖြစ်၏ ။

(၁)

ကိုဦးသည် ငယ်စဉ်ကပင် လိမ္မာသည်ဟု ကျော်ကြား၏ ။ထိုသို့ လူကြီးတွေကြား ကျော်ကြားခြင်းသည်ပင် သူ့လူငယ်ဘဝအတွက် အညွှန့် ကျိုးရသည်ဟုထင်သည် ။

သူသည် ငယ်စဉ်ကပင် လိမ်ညာခြင်းဟူသည်ကို မကောင်းကြောင်း သင်ကြားရလျက်ကပင် ဟန်ဆောင်ခြင်း၌ ပျော်မွေ့စေ ၏ ။ ထိုစိတ်ဓာတ်သည်ကြီးရင့်သည်ထိ စွဲလာတာတော့ မကောင်းလှဘူးထင်သည် ။ ထိုအခါ ငိုယိုလိုသည့်တိုင် မိမိကိုယ်ကိုယ် လိမ်ညာပြီးသနားခြင်းအတိဖြစ်ရ၏ ။

အိပ်ယာသည် ပြောင်ရှင်းတင်းရင်း၍နေသည် ။ တစ်ကိုယ်ရေ ယောက်ျားတစ်ယောက်အိပ်ယာက သည်လောက် မသန့်ရှင်းသင့်ပါဘူးလို့ ယူဆသည့်တိုင် လူမြင်လျှင်ချီးကျူးခံရမည်ကို ကြည်နူးနေ၏ ။ ထို အခါ အတွေးသည် ချက်ချင်းပြောင်းသွားပြီး “ငါဟာ သနားစရာသတ္တဝါပါလား” ဟု ခပ်တိုးတိုးရေရွတ်မိသည် ။

(၂)

လူတကာ ချီးကျူးခံလိုခြင်းသည်ပင် ဘဝ၏အမှားဖြစ်သည်ဟု ကိုဦး တွေးမိသည်။ ငယ်စဉ်ကဆို အဘွားက ကျွန်မ မြေးလေး ဘယ်မှထွက်မဆော့ဘူး ဟု ဂုဏ်ယူပြောတတ်သည် ။ သည်အခါ ထိန်းရလွယ်အောင်ပင် အဖေသည် ကာတွန်းစာအုပ်များ ဝယ်ပေးပြီး အမေကတော့ ပုံပြင်သာဖိပြောတော့သည် ။ ရွယ်တူတန်းတူ ကစားကြသူများကိုပင် သနားစရာ သတ္တဝါလေးတွေလို့ မြင်လာအောင်ပြောတတ်ကြသေးတော့ သည်လို လူမျိုးဖြစ်ရမှာကို ငယ်ငယ်ကပင် ကြောက်ချင်ချင် ။ အဖေတို့က တစ်သက်လုံး လူတောမတိုးနေရတော့မည့်နှယ် ထင်ယောင်လာစေတော့ ငယ်ငယ်နှင့် စာဖတ်နိုင်သော ကိုဦးသည် စာလုံးပေါင်းကာ စာအုပ်တွေဖတ်တော့သည် ။ ဘောလုံးကို ဟန်ပြဝယ်ထားသည့်တိုင် ကန်မည့်သူမရှိ၍ ခြေနှင့်ပင်မတို့ဖြစ်တော့ သတိရလို့ ရော်ဘာအစု ပိန်ရှုံ့ ရှုံ့ကို လေထိုးမည်ဆိုသောအခါ ဘောလုံးမှာ ပျက်စီးသွားခဲ့လေပြီ ။

ညီအစ်ကိုမောင်နှမ မရှိခြင်းကပင် ကိုဦး၏ အတ္တကို ဖွင့်ဖြိုးစေသည်ထင်၏ ။ ဝမ်းကွဲ အစ်ကို၊ နှမ များကိုပင် သွေးနီးသည်ဟုမထင် .. ၊ ကျောင်းတက်ရင် စာတော်ရန်သာ အရေးတကြီးလုပ်၍ သူငယ်ချင်းရှာ၍ ပေါင်းရမည်ကိုပင် စိတ်မဝင်စားခဲ့ ။ အားအားရှိစာဖတ်ရင်း စာအုပ်တွေကို စိတ်ဝင်စားလှသည်မဟုတ်သည့်တိုင် စာအုပ်ထဲမှ ဇာတ်ကောင်တွေကို အံ့သြ၍သာနေခဲ့၏ ။ ကိုဦးအတွက် စာရွက်များပေါ်မှ ဘဝသည်ဆန်းကြယ်လွန်း၍ စက် ဆုတ်ဖွယ် အတိဖြစ်ကောင်းဖြစ်နေသည့်တိုင် ကျေနပ်မှုကိုတော့ ရ၏ ။ စိတ်၏ မကျေနပ်မှုများသည် မိမိထက်နိမ့်ကျတဲ့ လူများအကြောင်း ၊ ပိုမိုစိတ်ဒုက္ခဖိစီးခံရသူများ အကြောင်းသိခြင်းမှ စိတ်ပြေလာစေတတ်၏ ။ ထိုအခါ ကျေနပ်ဖို့ ပျော်ရွှင်ဖို့ ဝတ္ထုဖတ်ကြတယ်လို့ သူများပြောသည်ကို နားမလည် ။ ရွယ်တူတွေ ကြားဝယ် ရှားရှားပါးပါးပြောစရာ လည်းမရှိသည်မို့ လူကြီးများကိုပင် အထင်ကြီးစေလျက် အချိန်ကုန်ရ၏ ။

ကိုဦး မိဘများသည် သူ၏ဖြစ်တည် ကြီးရင့်လူလားမြောက်ခြင်းကို မေ့လျော့နေခဲ့သည်ထင်၏ ။ ကိုဦးသည် ကလေးဘဝ ကုန်ဆုံးချိန်များကို မသိသားဆိုးဝါးစွာဖြတ်သန်းခဲ့ရ၏ ။ ထို့ အတွက်တစ်အိမ်လုံးတွင် အရွယ်ရောက် ယောကျာ်းတစ်ဦးဖြစ်သူ အဖေ့ကို အခဲမကျေခဲ့ ။ ယောက်ျားလေးတစ်ယောက် သိသင့်သည်တို့ ကိုပင်ပွင့်လင်းခဲ့ခြင်းမရှိ … ။ ပြောင်းလဲလာသော စိတ်ကို သူကိုယ်တိုင်သာ ကျိတ်မှိတ်ခဲ့ရသည် ။ ထိုအခါ သူငယ်ချင်းများပြော သော လှိုက်မောဖွယ်အတွေ့အကြုံများကို သာယာသောလည်း နည်းလမ်းကိုမသိချေ ။ သူဖတ်သော စာအုပ်များသည် ထိုဘဝကိုတော့ သရုပ်ဖော်ဖို့ မေ့လျော့သည်ထင့် ။ လူလားမြောက်ခွင့်မရသော ဘဝကို စိတ်နာချင်သလိုလို … ။ အဘွားကတော့ လူပျိုမလုပ်တတ်သေးသော မြေးအတွက် လူလယ်ခေါင်မှာ ဂုဏ်ယူ၍ပြော၏ ။

ကိုဦး သည် တစ်သက်လုံး ဟန်ကိုသာဆောင်တတ်ခဲ့သည်ထင်၏ ။ ကြာလာတော့ ယောက်ျားပီသခြင်းသည်ပင် ရှက်ရွံ့ စရာထင်လာကာ ခိုးခိုးကြည့်မိသော မိန်းကလေးကိုပင် ပစ်မှားမိ၍တောင်းပန်လိုစိတ်ပင်ပေါ်လာသည် ။ ကျောင်းတတ်နေတုန်း ရည်းစားထားတာ ပြစ်မှုတစ်ခု ပဲလို့ ထင်လာကာ မကြာခဏ သူ့ကိုလှည့်လှည့်ကြည့်တတ်သည့် မိန်းကလေးကို ဦးစွာပင် မျက်လုံးချင်းရှောင်၏ ။ ခပ်ထွေထွေ စပ်ထားသော သည်ခေတ်ကလူတွေနားလည်ရ ခက်မည့်အချစ်ကဗျာ များကို သာ ရေးရေးပြီး လူကြီးတွေ မမြင်အောင် ကုတင်အောက်မှ တိတ်တိတ်ဝှက်ရသေးသည် ။ သည်အရွယ်မှာ ဖတ်တတ်လာသော နိုင်ငံခြား ဝတ္ထုတွေထဲက ဇာတ်ကောင်မင်းသားများကို အားကျလာကာ အဖေ့ရေခဲသေတ္တာထဲမှာ ဘီယာခိုးသောက်မိလို့ အန်တော့ အရက်ကိုအနံ့ပင် မခံနိုင်ကြောင်းလူကြီးများရှေ့မှာ ဂုဏ်လုပ်၍ ပြောရ၏ ။

(၃)

လူလားမြောက်ခြင်းသည် လူတောတိုးခြင်းလို့ သိရတော့ ကိုဦးသည် လူတွေကို ကြောက်တတ်လာသည် ။ သည်အခါမှာ အနားမှာ အဖေတို့ မရှိကြတော့ ။ ( ဒါတောင် လိမ္မာကြောင်းကို အဝေးမှ ချီးမွန်းဂုဏ်ခံနေသေးသည် ) ။ သည်အခါ ဘ၀သင်ခန်းစာများကို ဘာမှသင်ကြားတတ်မြောက်စေခြင်း မရှိဘဲ လူတွေကြားလွှတ်ရက်သော မိဘများကို မိမိတစ်ခါ ကျဆုံးရတိုင်းပင် စိတ်နာရ၏ ။ ဘဝသည် လူဖြစ်ကြိုးပင်နပ်သည်မထင် ။ ဒါပေမယ့် ကိုဦးသည် အတ္တကြီးသူပီပီ မိမိဘဝ ပျက်မှာတော့ ကြောက်လှ၏ ။ ထိုအခါ ဝါသနာမပါဘူး မလုပ်ချင်ဘူးလို့ ခပ်ညည်းညည်းပြောတတ်သည့်တိုင် ပညာကိုတော့ ကြိုးစားသင်လေသည် ။

ကိုဦးသည် ပူလောင်မှာကို ကြောက်သဖြင့် ချစ်ခြင်းကို ကြိုးစား၍ရှောင်၏ ။ လူများတွေ ချစ်သူရည်းစားတွဲသွား တွဲလာမြင်လျှင် အားကျစိတ်နှင့်ပူလောင်ရ၏ ။ ဘဝတွင် ချစ်သူကို တွေ့မှ တွေ့ပါ့ ဦးမလားလို့ ထင်လာကာ အချစ်ဆုံးကို တွေးလေတိုင်းမိမိကိုသာ ဦးတည်၏ ။ တစ်သက်လုံးအတူနေလာသော မိဘများကို ပင်တွယ်ငြိစိတ်မရှိတာ အားမရဖြစ်ရသည် ။ မိတ်ဆွေရှားပါးသော ကိုဦးသည် အမြင်ကျယ်စေရန် စာများကိုသာ ဖိ၍ဖတ်သည် ။ တစ်သက်လုံး သည်လိုမနေရစကောင်းလို့ထင်၏ ။ တစ်ခါတစ်ခါ လူမသိ သူမသိ မထင်ရှားသော အဖြစ်ကို အားမလို အားမရဖြစ်၏ ။ ကိုယ့်ကိုကိုယ် သူများနှင့်မတူဘူးဟု ထင်၏ ။ ထို အခါအထင်ကြီး စိတ်ဖြင့် မိမိအတ္တကို ကြိုးစား၍မြှင့်တင်ပြန်လေသည် ။

(၃)

အထွေးသည် ကိုဦး၏ ချစ်သူဖြစ်လာ၏ ။ အထွေးသည် လူတကာ၏ အားကျခံရနိုင်သော ရည်စားဖြစ်နိုင် သည် ။ ထိုအချက်ဖြင့် ကိုဦးသည် ရင်ခုန်သလိုလိုရှိသော အထွေးကို ချစ်ခွင့်ပန်သည် ။ ရည်းစားမရှိလျှင် ဂုဏ်ငယ်နိုင်သော အချက်ကြောင့် အထွေးကို ရင်ခုန်ခဲ့ပါသည်လို့ ကိုဦး ကိုယ့်ဘာသာကိုယ် ဝန်ခံ ရချိန်တွင် အထွေးကို အားနာသလိုလိုတော့ ရှိ၏ ။ သို့သော် အထွေး၏ မိဘဂုဏ် ၊ ဥစ္စာဂုဏ်တို့ကြောင့် သူ့ကို တော်လှသည် ဟုချီးကျူးခံရမည့် အရေးကိုတော့ တင်ကြို၍ ဝမ်းသာခဲ့သည် ။ ထိုအခါ ကိုဦးသည် အားကျစရာ ချစ်သူရည်စား ၊ တစ်နေ့နေ့တွင် အိမ်ထောင်သည်ယောက်ျားတစ်ယောက် အဖြစ် အသစ်တဖန်မွေးဖွားရဲတော့မည်ထင်သည် ။

(၄)

အထွေးနဲ့ ကိုဦးသည် ညနေစာကို အတူတူစားတတ်ကြပြီး အိပ်အပြန်လမ်းတစ်လျှောက် စကားပြောကြမြဲဖြစ်သည် ။

ထိုညနေတွင်လည်း ခါတိုင်းလိုပင် အိမ်အပြန် အပြုံးကိုယ်စီနှင့် အချစ်အကြောင်းဆွေးနွေးနေမိကြသည် ။ မှောင်ရိပ်သန်းလာတော့မှ အထွေးက အိမ်ထဲဝင်ဖို့ သတိရလာပြီး စကားဖြတ်ရလေတော့သည် ။

အထွေးက ပြုံး၍ -

“အချစ်က ဘယ်ကစတယ်လို့ ကိုဦးထင်လဲ … ချစ်ခြင်းက အစရှာရခက်တယ် ဆိုလို့ သတိရသေးတယ် ။ ကိုဦးကို စတွေ့ဖူးတုန်းကဆိုရင် စာအုပ်လေးထိုင်ဖတ်နေတော့ ရင်ထဲမှာဖြစ်လာတာက သိပ်သနားစရာ ကောင်းလောက်အောင် ဖြူစင်လွန်းတဲ့ သူတစ်ယောက်လို့ပဲ ၊ သနားလွန်းလို့ ချစ်လာရတာ ထင်ပါရဲ့ ၊ ခုဖွင့်ပြောလို့ စိတ်လဲဆိုးမသွားနဲ့ ဦးနော်” လို့ မမျှော်လင့်သော စကားကိုဆို၏ ။

ကိုဦးသည် ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး ပြုံးနေကျဟန်ဆောင်အပြုံးကို သာ ညောင်းညာလာသည်အထိပြုံးရ၏ ။ အပြန်လမ်းတွေ မြင်နေရတတ်သည့် ရိပ်ယောင် ဝိုးဝါးမှန်များ ထဲမှ သနားဖွယ်သူ့ ပုံရိပ်ကိုပင်ပြန်မမြင်ရဲ သယောင်ရှိ၍ လာသဖြင့် ခေါင်းကို ငိုက်စိုက်ချထား ကာ ကွန်းခိုရာအိပ်ခန်းတွင်းသို့ ပင်ဦးတည်၍ လျှောက်လာသည် ။ ဘဝတွင် ချီးမွန်းခဲ့သူများသည် တစ်နေ့နေ့တွင် လူစဉ်မမှီ ၊ လူလားမမြောက်ရသူ သူ့ကို အထွေးလို သနားကောင်းသနားနေတော့မည်။ သည်အထဲတွင် အဖေတို့ရောပါကောင်းပါနိုင်သေး၏ ။

“အလိုလေး ငါ့ကို သနားစရာ သတ္တဝါဆိုပါ့လား”

စာအုပ်များဖြင့် ပြည့်သိပ်သော အခန်းပြန်ရောက်ရောက်ချင်း ပေါ်လာသော အတွေးမှာ “ငါဟာ သနားစရာသတ္တဝါပါလား” လို့ ဖြစ်၏ ။

ကိုဦးသည် မှန်ထဲမှာ ပုံရိပ်ကို စိတ်ပျက်စွာကြည့်၏ ။ ပါးရိုးကျကျ ယောက်ျားတစ်ယောက်သည် မှုန်မှိုင်းစွာပြန်ငေး နေသည်ကို မြင်ရတော့ ကျရှုးံသူတစ်ယောက်ကို ဟားတိုက်ချက်စိတ်ပင်ပေါ်လာသည် ။ ထွက်ပြေးလျှင် ကောင်းမည်လားဟု ထင်လာသည် ၊ ဘဝတစ်လျှောက်လုံး ကြိုးပမ်းမှုသည် လူအများသနားခံ ရဖို့ ဟန်ဆောင်ပြနေရသလိုထင်၏ ။ ခပ်စူးစူးပြုံးလိုက်တော့ ကျဆုံးသူသည် သိက္ခာဆယ်နိုင်သွားသည်ထင်၏ ။ အောင်နိုင်ခြင်း၏ လမ်းစသည် ထို ညစ်ကျယ်ကျယ်အပြုံးဖြစ်နိုင်သည် ။ ထိုအပြုံးသည် မိမိအတွက် ဂုဏ်ယူသူများ ၊ ချီးကျူးချစ်ခင်သူများကို အောင်နိုင်မည်ထင်၏ ။ ကိုဦးသည် အပြုံးကို ကြည့်ရင်းအဝတ်များကို လဲ၏ ။

(၅)

ကိုဦးသည် ထိုနေရာသို့ မရောက်ဖူးသည့်တိုင် သဘောကိုတော့နားလည်၏ ။ သူငယ်ချင်းယောက်ျားလေးတွေက ထိုနေရာမှ စွန့်စားခန်းများကို မစားရဝခမန်း ပြောတတ်တုန်းက အားကျစိတ်ကို စက်ဆုတ်စိတ်ဖြင့် ထိန်းချုပ်ခဲ့ရသေးသည် ။ ထိုနေရာမှ မီးများသည်ပင် ပြာတစ်လှည့် နီတစ်မျိုးဖြင့် လူ့စိတ်ကို လှည့်စား၍ နေလေသည် ။ မြင်သမျှ လူတိုင်းသည် လှပ၍ ပြင်းပြသောဆွဲဆောင်အားတစ်ခုစီ ဖြာထွက်နေကြသည်ထင်၏ ။ မိန်းမများသည် ကိုဦးကို မြူချို၍ကြိုကြ ၏ ။ ကိုဦးသည် သည်တစ်ခါတော့ စက်ဆုတ်စိတ်ကို ချိုးနှိမ်ရင်း မျက်လုံးများကိုမှေး၍ အကဲခတ်၏ ။

သနားစရာမိန်းမများသည် သူ့ကိုသနားဖို့ စိတ်ရှိတော့မည်မထင်။ သူသည် လူလားမြောက်ခြင်းကို သည်နေရာမှာ ရှာနိုင်၏ ။ အရှက်ကင်းမဲ့စွာ ရမ္မက်တက်ကြွခြင်းသည်ပင် ယောက်ျားတစ်ယောက်အတွက် မာနကိုသွေးသစ်လောင်းစေတော့မည်ထင်၏ ။

ကိုဦးသည် ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက်၏ ဦးဆောင်ရာကိုလိုက်လာသည် ။ ထိုအမျိုးသမီး သည် ကျဉ်းမြောင်းသောလှေကားထစ်များစွာကို စ၍တက်၏ ။ အခန်းဝဝယ် အမျိုးသမီးသည် ကိုဦးကို ပြုံး၍ဝင်စေ၏ ။ သည်အခါ ခပ်ပေါ့ပေါ့ကြေးစားဆန်ဆန် သနား လေးစားခြင်း ကင်းမဲ့ဟန်ကိုအမျိုးသမီး၌ တွေ့ရသည် ။

ကိုဦးသည် မိဘများ၏ မျက်နှာကို ပြန်မြင်လာသည် ။ ဆွေမျိုးများ၊ မိတ်ဆွေများ ၊ ထွေးနှင့် နောက် မသိကျွမ်းတာတွေရော၊ ခင်မင်ရင်းနှီးတာတွေရော အကုန်ပါသည် ။ သူတို့အားလုံးကို မှန်းကြည့်လို့ရပြန်သည် ။ တစ်သက်လုံးအကျွမ်းမဲ့ ယုံကြည်နေရမည့် သူတွေဆိုတာ တွေးမိပြန်တော့ ဒေါသသည် သူတို့ဘက်ဆီက ကိုယ့်ဘက်ကိုပြန်လှည့်လာသည် ။ ကိုဦးသည် အံ့သြစဖွယ် ပျော်သလိုလိုရှိလာပြန်သည် ။ ကြီးရင့်ခြင်း၏ အမြတ် ထိတွေ့မှုအာရုံကို တောင့်တလာသည် ။ရိုက်နှက်ကန်ကျောက်ပစ်လိုက်ချင်ပြန်၏ ။

ပြတင်းပြင်သည်မှောင်၏ ။ လောကကြီးသည်တိတ်တဆိတ် အဆက်ပြတ်သွားပြီ ။ တံခါးသည်လည်းပိတ်ခဲ့ပြီ။ အမျိုးသမီး၏လက်များသည် ကိုဦး၏ခါးကိုပွေ့ထားရာမှ ပို၍တင်းကြပ်လာပြန်သည် ။ ထို့နောက် ကိုဦးသည် မိဘဆွေမျိုးများ၊ သူ့ကို တော်လှသည်ဟု ချီးမွန်းသော ဆရာမများကိုလည်းကောင်း၊ ထွေးကိုလည်းကောင်း တခဏတာ မေ့လျော့သွားခဲ့လေသည်။

(Aung Phyoe)

21 March 2010.