15 April 2012

နေရီရီ ကေသီချပါလို့

ခိုင်စိုးလင်းစီစဉ်တဲ့ အပြာရောင်ဝန်ဆောင်မှု (Bluish Business) e-book မှာပါပါတယ် .. ။


မိုးကျသံသည် ဆူညံဆဲဖြစ်သည် ။ ရေပက်၍စိုနေသော ဆံပင်တို့ကို လေတိုက်မှ စိမ့်ချမ်းသွားခြင်းကို ခံစားမိ၏ ။ မိုးရွာသောညတွေကို ငယ်ငယ်ကနှစ်သက်ဖူးတယ်လို့ သူထင်တယ် ။ ပိန်းပိတ်အောင်မှောင်ပြီး လျှပ်စစ်မီးပျက်မြဲ သူတို့မြို့လေးက မိုးညတွေမှသိပ်သည်းနက်မှောင်သော လုံခြုံမှုကို သူ လွမ်းတတ်၏ ။ ညိုးညိုးညံ့ညံ့ ညည်းရယ်သံကို အိပ်ယာ နဘေးက ဆီမှ သဲ့သဲ့ကြားရတော့ ဖြစ်မြဲဖြစ်သော ပူလောင်စက်စုပ်မှုကို ခံစားရပြန်သည် ။

သူသည် သည်ခံစားချက်မျိုးကို ရိုးအီသွားပြီလို့ အလိုပြည့်တိုင်းထင်တတ်စမြဲ ၊ လူ့ဘဝမှာနေလာတာ အတော်ဝပြီး သေချင်တောင်သေနိုင်တယ်လို့ ထင်တတ်စမှာပင် လူအနေဖြင့်ကွာခြားနိုင်သော်လည်း ဖြစ်တည်အရတူညီသော အမျိုးသမီးကို ရင်ခွင်သို့ဆွဲ၍အပ်စမြဲ .. ၊။ ဒါသာ အသစ်တစ်ဖန် ဘဝကို သွေးသစ်သွင်းလောင်းစရာလို့ သူက ဆိုတတ်ပါသေး၏ ။

“မောင်ကလေးရယ် …. မောင်ကလေးရယ် …” အမျိုးသမီးသည် မိုးရွာသည်ကို ငေးစိုက်ကြည့်ရင်းသူ့ကို ခေါ်၏ ။ ထိုအခါ သူ၏လေလွင့်စိတ်သည် တစ်ဒင်္ဂရပ်နားကာ တတ်မက်ခြင်းအာသာရမက်၏ အထွက်အထပ်ကို တေးမြှင်းညိုးညံ့စွာ တစ်ဖန်တက်လိုစိတ်ဖြစ်ရပြန်၏ … ။ ဒါပါပဲ .. ။ အဲသည်နောက်မှာ ဘဝဟာပြန်လည် အနည်ထိုင်သွားဦးမှာပါ … ။ စိတ်ကိုလှည့်စားနိုင်ရင် တစ်ဖန်ပြန်လည် သန့်စင်သွားတယ်လို့ပင်မှတ်ယူနိုင်သေးတယ် မဟုတ်လား … ။

သူသည် သည်လိုဘဝမှာပင် ပျော်မွေ့ခဲ့တာ နှစ်ပေါင်းအတော်ကြာပြီလို့ထင်၏ ။ သည်လိုမတိုင်ခင်တုန်းက သူ့မှာ တိကျသော လမ်းညွှန်ရာ ဦးတည်ရာရှိသည်ဟုဆိုတတ်ပြီး သူသည်လိုပြောတိုင်း သူနဲ့မကြာမကြာအတူတွေ့ရတတ်သော မိန်းကလေးသည် ရှက်ပြုံးလေးနဲ့ နောက်ဆုံးမှာ ရယ်တတ်၏ ။ ထိုမိန်းကလေးသည် သာမန်ထက်ပိုသောရုပ်ရည်မျိုးမဟုတ်ပဲ မျက်ခွံအတန်ငယ်မို့သည်မှာ သတိထားမိသူတိုင်း မှတ်မိတတ်သည် ။ မျက်ခွံမို့ကလေးက သူ့ကို သူငယ်ချင်းတစ်ယောက်ထက် မပိုပါလို့ သူငယ်ချင်းများထံ ဝန်ခံတတ်သော်လည်း သူကမယုံပါ ။ သူက သိမြင်တတ်သူလည်းဖြစ်၏ ။

ထိုအခါတုန်းက သူ့ညနေများသည် ရင်ခုန်သံသက်သက်ဖြင့် တိုးတိတ်ညင်သာနေတတ်၏ ။ ဆုတ်ထွေးထားသော လက်ဝါးဆုပ်ကလေး၏ အရင်းလက်ကောက်ဝတ်သွေးကြောလေးတို့၏ တိုးတိတ်စွာ သူ့လက်ဖဝါးကို ထိတွေ့သော အတွေ့သည် သူ့ရင်ခုန်သံနှင့် စည်းချက်ညီသည်ဟု သူသည်ကဗျာတစ်ပုဒ် စပ်ဆိုခဲ့သေးသည်။ မျက်ခွံမို့သူလေးသည် ထိုကဗျာကို သေချာနားမလည်လှသောလည်း သူ့ကို အထင်ကြီးစိတ်သက်သက်ဖြင့် ချီးမွန်းသော် သူသည် စိတ်ပျက်လက်ပျက်ဖြစ်ရစမြဲ .. ။ သူကလေးကို အနီးကပ်သင်ပေးဖို့ ဆွေးနွေးဖို့ လိုလိမ့်မယ် … ။ ကဗျာတစ်ပုဒ် ၊ ဝတ္ထုတစ်ပုဒ် ဒါမှမဟုတ် ရုပ်ရှင်တစ်ကားကို ခံစားတတ်ဖို့ …။

သူသည် “ကျွန်တော်အနုပညာ သမားဖြစ်ချင်တယ်” လို့ ပြောတတ်သေး၏ ။ ထိုအခါ မျက်ခွံ့မို့၍ လက်တွေ့ကျသောမိန်းကလေးသည် စိတ်ပျက်ရစမြဲ သို့သော်တစ်နည်းတစ်ဖုံ စိတ်ကို ပြန်ဖြေသည်ထင်၏ ။ သူကို ပြောင်းလဲပေးဖို့ ရကောင်းတတ်စမြဲလို့ ထင်ကောင်းထင်လိမ့်မယ် … ။

အပြင်မှမိုးသံသည် စည်းချက်ဖြစ်၏ ။ နံရံတွင် နားကို ကပ်ထားရင်း အပြင်မှမိုးသံကို ချဲ့ယူကြားနိုင်ကြောင်း သည်လို သက်သေပြနိုင်တယ်လို့ သူတွေးမိပြန်သည် ။ သို့သော် လောကတွင် သက်သေပြစရာမလိုသော ၊ ကျိုးကြောင်းခိုင်လုံစရမလိုသော အရာများရှိကြောင်းသူ သက်သေသက္ကာရ မရှိပဲ ဆိုချင်ပါသေး၏ ။ သူသည် ကြုံတွေ့ရတတ်သော အမျိုးသမီးများ၏ လျို့ဝှက်သော အဓိပ္ပာယ်ရှိသော အပြုအမူ အမူယာတို့ကို စုံမက်၍လာ၏ ။ ပြေကျလာသောဆံပင်များ ၊ ထိုဆံပင်များကို ဆုတ်ကိုင်ရသော ၊ ဖွယူသပ်ယူရသော ရှိုက်သက်များ …. ။ ထိုအရာများသည် တည်မြဲသော ရင်ခုန်သံများဖြစ်၏ ။ ညှိယူဖို့မလိုသော ၊ တိကျသော တစ်စုံတစ်ယောက်၏ ကိုယ်ခန္ဓာဖြစ်တည်မှုအပေါ် သက်ရောက်ချက်မရှိသော ၊ စည်းချက်တိကျညင်သာဖို့မလိုသော ရင်ခုန်သံ များဖြစ်၏ ။

သူ၏မိန်းကလေးသည် သူ့ကို လက်တွေ့ကျဖို့ဆွေးနွေးပြီး ၊ သူ့အချစ်ကို မဖွင့်ဟအောင် နှုတ်ဆွံစေခဲ့၏ ။ “ကျွှန်တော်ဟာ ရိုးဖြောင့်သူပါ ၊ ကျွှန်တော်ဟာ ကျွန်တော့်စိတ် ကျွန်တော့်ရုပ်ကို အမှန်အတိုင်းပြတတ်ပါတယ် မေ ၊ ကျွန်တော်တွေဝေတာ ၊ မပြတ်သားတွေဟာ ရှက်စရာရယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး ။ ကျွန်တော်အရေးမစိုက်လှတဲ့ အရာတွေမှာ မထူးချွန်တာလည်း ဘာမှလွမ်းလောက်စရာရှိတယ်လို့ မထင်ဘူး” ။ မျက်ခွံ့မို့သူလေးသည် သည်နောက်ပိုင်းတွေ ပိုလို့တွေဝေလာသည်ကို သတိထားမိ၏ ။ သို့သောမျှော်လင့်ချက်ကို စွန့်ပစ်လိုက်ဟန်တော့ မရှိချေ ။ မအားလို့ မလာနိုင်သော သူ့ကို လူကြုံဖြင့်ခေါ်၏ ၊ တစ်ခါ ဖုန်းဆက်လို့ပင်ခေါ်၏ ။ ထိုသို့ ကြင်နာသောအမူအရာများကို သူသည်တပ်မက်စွာပင် ယုံ၍ မိန်းကလေးကို လက်ထပ်၍ပင် နေကောင်းနေနိုင်မည်လို့ သူထင်လာပြန်သည် ။ ထို့နောက်သူသည် အိမ်ထောင်ရေးအကြောင်းကို ပြောတတ်ပြီး ချစ်ကြင်စ အိမ်ထောင်ဦးအကြောင်းကို ကဗျာလေးများပင် စပ်လာ၏ ။ သူ၏ယုံကြည်ချက် မခိုင်မြဲသောကြောင့်ထင်၏ ။ ထိုကဗျာများသည် ပြောပလောက်အောင် မကောင်းပါ ။

“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ တစ်သက်လုံး သစ္စာမဖောက်ပဲချစ်ကြဖို့ဆိုတာ ဖြစ်နိုင်မယ်လို့ ကျွန်တော်တော့မထင်ဘူး ၊ ကျွန်တော့်အနေနဲ့ တပ်မက်စရာရှိရင် စောင့်ထိန်းပါမယ်လို့ ကတိတော့ပေးနိုင်မယ် မထင်ဘူး …” ၊ မိန်းကလေးသည် သည်နောက်မှာ ငေးငိုင်ပြီး ထိုင်နေတတ်သည်ကို တွေ့ရ၏ ။
သူသည်သည့်နောက်ပိုင်း မိန်းမများကို အဝတ်ကပ်၍ပင် မမြင်တတ်တော့ …။

အဝတ်အစားလုံခြုံစွာဝတ်သောအမျိုးသမီးများကို တတ်နိုင်သမျှမမြင်လိုပေ .. ။ ငယ်စဉ်က ဖွာရှိုက်တိုင်း ၃ ၄ ရက်မျှ မူးနောက်တတ်သော စီးကရက်ကို မီးခိုးမတိတ်အောင်ပင် သောက်နိုင်ပြီ … ။ မျက်ခွံ့မို့ကလေးသည် စီးကရက်သောမည်ဆိုတိုင်း မျက်နှာတင်းတင်းနှင့်တားမြစ်ခဲ့ဖူးပြီ .. ။ သူသည် မိန်းကလေးစိတ်ဆိုးစေရန် မကြာမကြာပြောတတ်သော်လည်း တကယ်မသောက်နိုင်ခဲ့… ။ ခုတော့ သူကိုမြင်သည့်တိုင် မိန်းကလေးသည် လျှစ်လျှူရှုနိုင်ပြီထင်၏ ။ ဘယ်အရာမဆို အစမှာသာ ရှိုတ်ရှိုတ်တက်ဖြစ်ကြတာပါ တည်မြဲတယ်ဆိုတာ မရှိစမြဲမဟုတ်လားလို့တွေးမိတိုင်း ယောင်ယမ်း၍ကျလာသောမျက်ရည်ပေါက်များကို စမ်းမိပါက တွေ့ထိမြဲဖြစ်သည်…။ ထို့ကြောင့်ပင် သူသည် မျက်နှာကို မိုးပက်ခံ၍ စီးကရက်သောက်သော အကျင့်ကို စွဲခဲ့၏ ။

မျက်ခွံမို့သူလေးနဲ့ နောက်ဆုံးတွေ့တုန်းက သည်လိုမိုးရွာပြီးစအချိန်ပင်ဖြစ်၏ ။ သူတို့လျှောက်နေကြ လမ်းကလေးသည် စိမ်းစို၍နေသည်ဟု သူသေချာမှတ်မိသည် … ။ “ဟုတ်ပါတယ်မေ .. ကျွန်တော်ဟာ ဘာမှ မသုံးမကျတဲ့သူပါ … ၊ ကိုယ်လုပ်ချင်တာကို မလုပ်ရသလို ကိုယ်မလုပ်ချင်တာကိုလည်း လုပ်ရင်းဘဝကို မကျေနပ်ဖြစ်နေတဲ့သူပါ ..၊ ဒါပေမယ့် ဘဝမှာ အနုပညာကို အနည်းဆုံး ခံစားနိုင်တာ ကိုတော့ ကျတော်ကျေနပ်တယ် … ၊ ဘဝမှာ ဘာမှမရှိဘူးဆိုတာ သိလာရတော့ တစ်ခါတစ်ခါ အဓိပ္ပာယ်မဲ့လှတယ် ထင်တယ် .. ။ မေ့ကို ကျတော် တကယ်ချစ်ပါတယ် .. ၊ ကျွန်တော့်နည်း ကျွန်တော့်ဟန် ကျွန်တော့်အတ္တနဲ့ ချစ်တာပါ..။ ချစ်ရင် ကတိပေးပေါ့ .. အားကိုးစရာဖြစ်လာအောင်ကြိုးစားပေါ့လို့ မေပြောသလိုကျတော့လည်း ကိုယ်ကိုယ်ကိုယ်မယုံကြည်တဲ့ ကတိမို့မပေးပါရစေနဲ့တော့ … ။ ကျွန်တော့်ကို မွေးတဲ့ သူတွေကတောင် နားမလည်လို့ မေကိုယ့်ကို နားမလည်ပါ့လားရယ်လို့ စိတ်မနာပါဘူး.. ၊ ဘဝမှာ ယုံကြည်ခြင်းကင်းတာမှန်ပေမယ့် အချစ်ကိုတော့ ခိုတွယ်ရာလို့ ကျတော်ကတယ် ထားချင်ခဲ့တာပါ … ၊ မေ့ရင်ခွင်မှာ လဲလျောင်းအိပ်စက်ချင်တယ် … ၊ တစ်ခါတစ်ခါ နေထွက်တာကို ထိုင်ကြည့်ချင်တယ် .. ၊
ဒါပေမယ့် တစ်ခါတစ်ခါမှာတော့ မေ့ရဲ့အေးချမ်းသန့်ရှင်းစေမှုဟာ ကျွန်တော့်ကို ညည်းငွေ့လာစေမယ်..၊ သည်အခါ မလွဲမရှောင်သာ ညစ်ညမ်းမှုကို ရှာရဦးမှာပဲမေ… ၊ ဒါက ဆင်ခြေမဟုတ်တဲ့ ကျွန်တော့်ရဲ့လိုအပ်ချက်ပဲ ..။ သည်မှာ မေက ကျွန်တော့်ရဲ့ ကောက်ကျစ်ခြင်းရယ်လို့ ပဲမြင်တော့မယ်…. ” ။ သည်နောက်မှာ မိုးသည်တစ်ဖန်ပြန်၍ ရွာလာပြန်၏ ။ မျက်ခွံမို့သူလေးသည် သူ့လိုပင် မိုးကိုအားကိုပြုကာ မျက်နှာရွှဲစိုစေလျက်သူ့ကို ကျောခိုင်းသည်… ။ မိုးသည် သိပ်သည်းလွန်း၍ မလှမ်းလှသော အကွာအဝေးတစ်ခုမှာ အတန်ကြာရပ်နေကြသော သူတို့ တစ်ယောက်ကိုတစ်ယောက်မမြင်ရပါ … ။ မိုးအတိတ်မှာတော့ မိန်းကလေးသည် အိမ်ပြန်ရောက်လောက်ပြီ … ။ ထို့နောက် သူသည် မို့မောက်သောမျက်ခွံအကြားမှ ရွှင်လက်သောမျက်လုံးများကို မျက်လုံးခြင်းဆုံ၍ ဘယ်တော့မှာမမြင်ရတော့ … ။


“ကျွန်တော်ဟာ ဆုံးရှုံးတဲ့ အချစ်ကြောင့်လေလွင့်တာမဟုတ်ပါဘူး … ။ သည်လိုနေရတာကို ပျော်မွေ့လို့ လေလွင့်နေရတာပါ …၊ ကြေးပေးပျော်ပါးရတဲ့ မိန်းမတွေဆီမှာ တစ်ဒင်္ဂအချစ်ကို ရနိုင်တယ် .. ၊ တည်မြဲဆိုတာ ဘယ်တုန်းကမှ မရှိတဲ့ သည်အချစ်ဟာ တစ်ဒင်္ဂပဲ ခံတယ်ရယ်လို့ အပြစ်မဆိုအပ် ၊ မရှုံ့ချအပ်ဘူးလို့ ကျွန်တော်တော့ထင်ပါတယ် …။” မိုးသည်မစဲသေးသော်လည်း နေရောင်သည်ထူးခြားစွာ ဝင်းပလာ၏ ။ အမျိုးသမီးသည် တင်းရင်းစွာပင် ထိုင်မြဲထိုင်နေကာ စီးကရက်တစ်လိပ်ကို ရှိုက်ဖွာ၏ ။

“မောင်ကလေးရယ် မောင်ကလေးက ကဗျာတွေဘာတွေစပ်တယ်ဆို … ၊ ဒါဆို အနုပညာသမားကြီးပေါ့.. ။ ”

“ကိုယ်ကတော့ မထင်ဘူး .. တကယ်တော့လည်း အနုပညာ ဘာညာဆိုတာ အရေးပါလှတာတော့ မဟုတ်ပါဘူး”

“ဒါဆိုရှင်ကလေးက အနုပညာသမားဖြစ်မှန်းမသိဖြစ်နေတာပေါ့… ဟုတ်လား ကိုယ်ဝတ္ထုတစ်ပုဒ်ဖတ်ဖူးတယ် ဘာလည်းမမေးနဲ့ မှတ်မိဘူးရှင့် ၊ ဟိုစင်ပေါ်က ရှင်ဖတ်တယ်ဆိုတာမျိုးတွေတော့မဟုတ်ဘူး”

“မင်းမသိဘူးထင်တယ် ကိုယ်စာမဖတ်တာ တစ်နှစ်ကျော်လောက်ရှိပြီ”

“ထားပါ .. အဲသည်ထဲမှာသေချာပါတယ် အနုပညာသည်ဆိုတာ စိတ်လေလွင့်ရတယ်တဲ့ ၊ ငိုင်နေရတယ် ..၊ နောက်ကိုယ်လုပ်ချင်တာ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ရိုးဖြောင့်ရတယ်တဲ့ … ”

“ဟဟ ဒါဆိုမင်းရော …”

“နောက်ဆုံးက ရိုးဖြောင့်တယ်ဆိုတာသာ ဖြုတ်လိုက်ရင် ကျွန်မလည်း အနုပညာသည်ပါပဲရှင့် ..”

သူသည်အမျိုးသမီးကို သေချာကြည့်မိ၏ ။ ရှုပ်လိမ်သော ဆံနွယ်များနဲ့ ရှည်လျားသော ပြုပြင်ထားသော လက်သည်းရှည်များရှိ၏ .. ။ မကြာခင် သည်ဆံနွယ်တွေကို သူရစ်သပ်နိုင်မည် ။ လက်သည်းရှည်များသည် သူ့ကြွက်သားများထဲ တိုးဝင်ကုတ်ဖဲ့ကြတော့မည် .. ။ နေပျော်စဖွယ် တတ်ကြွဖွယ် မကောင်ဘူးလားကွယ် …။ ဒါပါပဲ … ။ လောကကြီးမှာ ကံကောင်းထောက်မလွန်းရင် သိလာနိုင်တာက ဘဝဟာ အဓိပ္ပာယ်မဲ့ ပျင်းရှိစရာကောင်းတယ်ဆိုတောင် ပျင်းပျင်းနဲ့ ဆက်ပြီးနေသွားလို့ရသေးတယ်ဆိုတာပဲဖြစ်၏ .. ။ အမျိုးသမီး၏ လက်ညည်းရှည်များသည် သူ့ကျောပြင်ကို ကုပ်ခြစ်၏ ..။ ဘဝမှာ တည်မြဲတဲ့ သစ္စာတရားဆိုတာရှာမတွေ့ရင်တောင် စူးဝင်တဲ့ လက်သည်းရှည်တွေ ရဲ့နာကျင်မှုနဲ့ .. ၊ သူ့ကိုထွေးပွေ့တဲ့ ဆံနွယ်တွေကြားမှာ တစ်ဒင်္ဂနေရရင်တောင် ဘဝမှာနေပျော်ကောင်းပါရဲ့လို့ တွေးလေ၏ ။


အောင်ဖြိုး
(၁၁၊ ၂၊ ၂၀၁၂) 2:17 AM